
အသက် ၆နှစ်အရွယ်ကတည်းက အသင်းအကယ်ဒမီမှာ ရောက်ရှိနေပြီဖြစ်ပြီ အဆင့်ဆင့်ခြေစွမ်းပြကစားလာကာ လက်ရှိအသင်းကြီး၏ အဓီကကစားသမားတဦးအဖြစ် ခြေစွမ်းပြကစားနေပါတယ်။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
မေဆန် တိုနီ မောင့်
၁၀.၀၁.၁၉၉၉ (၂၃နှစ်)
ပို့စ်မောက်၊ အင်္ဂလန်
၅ ပေ ၁၁ လက်မ (1.81m)
၁၁.၀၈.၂၀၁၉
အင်္ဂလန်
အသက် 23 နှစ်အရွယ် အင်္ဂလိပ် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမား Mason Mount က ချယ်လ်ဆီးအသင်းအကယ်ဒမီမှာ အသက် 6 နှစ်အရွယ်ကတည်းက လေ့ကျင့်သင်ကြားခဲ့ပြီး U-9 အသင်းအတွက် စတင်ကစားပေးခဲ့ပါတယ်။ သူ့ရဲ့ အဓိက ကစားတဲ့နေရာကတော့ ကွင်းလယ်တိုက်စစ် ဖြစ်ပြီး Box to Box ကစားနိုင်တာဟာ အသင်းအတွက် အထူးထိရောက်ပါတယ်။ အသက် 18 နှစ်အရွယ် မှာ Mountဟာ ချယ်လ်ဆီးအသင်းရဲ့ စီနီယာအသင်းမှာ ပွဲဦးထွက်ကစားခဲ့ပြီး 2016-2017/ U-18 ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့တဲ့အချိန်မှာ U-18အသင်းအတွက် ပွဲပေါင်း 30 မှာ 10 ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် FA Youth Cup 2 ကြိမ်၊ UEFA Youth League တို့ရရှိခဲ့တဲ့အတွက် 2017 ခုနှစ် ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး အကယ်ဒမီကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
2017-2018 ရာသီအတွက် Mount က Vitesse Arnhem သို့ 2017 ခုနှစ်မှာ အဌားသွားရောက် ကစားခဲ့ပြီး ပထမဆုံး ပွဲဦးထွက်ကိုတော့ အစားထိုး ကစားသမားအဖြစ် စတင်ခဲ့ပါတယ်။ လက်ကျန်ရာသီအတွင်း Mount က ဗဟိုကွင်းလယ်ကစားသမား သို့မဟုတ် နံပါတ် 10 အဖြစ် ကစားခဲ့ကာ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ အဆုံးသတ်စွမ်းရည်မှာ ကောင်းမွန်ခဲ့ပြီး Vitesse အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အပြင် ချဲလ်ဆီးသို့ မပြန်မီ အချိန်ကာလအတွင်း Vitesse အသင်းအတွက် ပြိုင်ပွဲပေါင်း ၃၉ ပွဲကစားကာ ၁၄ ဂိုးသွင်းခဲ့တာကိုလည်း တွေ့ရပါတယ်။။
2018 ခုနှစ် ဇူလိုင်လတွင် Lampard (လမ်းပတ်) နဲ့ Morris (မောရစ်) လူငယ်အသင်းနည်းပြဟောင်းများ ဦးစီးသည့် ချန်ပီယံရှစ်ကလပ် Derby County (ဒါဘီကောင်တီ)မှာ အဌားဖြင့် သွားရောက်ကစားခဲ့ပါသေးတယ်။ အသက် 20 နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mount ဟာ Derby County အသင်းမှာရှိနေစဉ် ကစားခဲ့တဲ့ပွဲတွေမှာ အသင်းသား Rams အတွက် 16 ဂိုးရအောင် ဖန်တီးပေးထားခဲ့တဲ့အပြင် သူကိုယ်တိုင်ကလည်း 16 ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ကံမကောင်းစွာပဲ Mount ဟာ 2018 FA Cup ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး နှစ်လကြာ အနားယူခဲ့ရပါတယ်။

Mason Mount win FA Youth Cup on 2015-16, 2016-17 | Photo Credit:
2019-2020 ရာသီအတွင်း ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ Mount က အထင်ကြီးလောက်စရာ ခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီးနောက် Wembleyကွင်းမှာ စီနီယာအင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ရပါတယ်။ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာပွဲဦးထွက်အပြီးမှာတော့ နောက်ဆက်တွဲ ခြေစစ်ပွဲစဉ်များအားလုံးမှာ ပါဝင်ခဲ့ပြီး Kosovo (ကိုဆိုဗို) ကို 4 ဂိုး – 0 ဂိုး ဖြင့်အနိုင်ရပြီးနောက် သူ့ရဲ့ ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ဘောလုံးသမားဘဝမှာ အောင်မြင်မှုများရရှိနေစဉ် 2019 ခုနှစ် စက်တင်ဘာလမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သည့်အပြင် အသင်းသား Callum Hudson Odoi ရဲ့ COVID-19 စစ်ဆေးမှု positive ထွက်ခဲ့တာကြောင့် သူလည်း မတတ်သာပဲ COVID စည်းမျဉ်းများလိုက်နာပြီး အိမ်မှာ သီးခြားခွဲနေခဲ့ရပါတော့တယ်။
ခဏတာအနားယူပြီး နေပြန်ကောင်းလာပြီးနောက်မှာတော့ ယူကရိန်းကို အနိုင်ရခဲ့တဲ့နိုင်ငံတကာပွဲစဉ်မှာ လေးဂိုးသွင်းယူနိုင်အောင် ကူညီဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီမှာပဲ ပထမဆုံး အသင်း ပွဲဦးထွက် နဲ့ ပွဲပေါင်း 50 ကစားအပြီးမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့တဲ့ ပထမဆုံး ချဲလ်ဆီး Academy ထွက်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
2019-2020 ပရီးမီးယားလိဂ်ရာသီရဲ့ နောက်ဆုံးနေ့၊ Wolves (ဝုဖ်) ကို 2ဂိုး – 0 ဂိုး ဖြင့်အနိုင်ရခဲ့သောပွဲမှာ အသင်းသား Olivier Giroud ကို ဂိုးရရှိအောင်ကူညီပေးခဲ့ပြီး သူကိုယ်တိုင်ကလည်း အလွတ်တည်ကန်ဘောမှ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် 2020-21 အတွက် UEFA Champions League တွင် ချဲလ်ဆီးအသင်းပါဝင်နိုင်ရန် သေချာလာစေခဲ့ပါတယ်။ 2020-2021 ရာသီမှာ Mount ဟာ ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်အားလုံးမှာ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ငါးပွဲမှာ မိနစ်တိုင်း ကစားခဲ့ပေမယ့် Crystal Palace (ခရစ္စတယ်ပဲလေ့စ်) ကို အနိုင်ရခဲ့တဲ့ပွဲမှာတော့ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ Mount ဟာ 2021 ခုနှစ်အစပိုင်း FA Cup တွင် အိမ်ကွင်းမှာ Luton Town ကို 3ဂိုး – 1ဂိုး ဖြင့်အနိုင်ရရှိခဲ့သော ကစားပွဲမှာ ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။

Mason Mount scored his first senior hat-trick goal | Photo Credit:
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ Porto (ပေါ်တို) ကို 2 ဂိုး – 0 ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ရဲ့ ပထမဆုံးဥရောပဂိုးကို သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ချဲလ်ဆီးကစားသမားဖြစ်လာခဲ့ပါတယ်။ ပွဲတိုင်းလိုလိုတွင် သူပါဝင်ကစားခြင်းကြောင့် ပရိသတ်နှင့် မီဒီယာများက နည်းပြများ၏ မျက်နှာသာပေးမှုရရှိတယ်လို့ စွပ်စွဲခဲ့ကြသော်လည်း စွမ်းဆောင်ရည်နဲ့သာ သက်သေပြတဲ့ Mount ကို Thomas Tuchel က ‘အသင်းရဲ့ သော့ချက် ကစားသမား’၊ ‘ကျွန်ုပ်တို့ရဲ့ ကစားပွဲတိုင်းအတွက် အရေးကြီးတဲ့ ကစားသမား’ ဟု ဖော်ပြပြောဆိုခဲ့ခြင်းကြောင့် အဆိုပါ သံသယများ ပျောက်ကွယ်သွားခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ချယ်လ်ဆီး အသင်း ရဲ့ နောက်ဆုံး ဖိုင်နယ်ပွဲမှာ တန်ပြန်တိုက်စစ်ကနေ သွင်းဂိုးရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပြီး အဆိုပါဂိုးဟာ ချဲလ်ဆီး ပရိတ်သတ်တွေအတွက် အမှတ်တရဖြစ်စေခဲ့ပြီး သူ့ရဲ့ ကြိုးစား အားထုတ်မှုကို မြင်တွေ့ ခဲ့ရတဲ့အတွက် ချဲလ်ဆီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ပရိတ်သတ်များရဲ့ မဲပေးရွေးချယ်ခံခဲ့ရပါတယ်။ Mount သည် ပြင်းထန်သော ကစားပွဲရာသီတစ်လျှောက်လုံးမှာ သူ့ရဲ့ ကစားပုံ အကျင့်စရိုက်၊ ခြေစွမ်းအဆင့်အတန်းနှင့် တည်ငြိမ်မှုကိုပြသခဲ့ပြီး သွင်းဂိုးနှင့်ဂိုးဖန်တီးမှု စုစုပေါင်း 21 ကြိမ်ပြုလုပ်ခဲ့ပြီး 2020-2021 ဘောလုံးရာသီကို ပြီးဆုံးခဲ့ပါတယ်။
2020-2021 ခုနှစ် ချန်ပီယံလိဂ်ဖလားကို ချဲလ်ဆီးအသင်းနှင့်အတူ ဆွတ်ခူးပြီးနောက် မောင့်သည် အင်္ဂလန်အသင်းကို ယူရို 2020ပြိုင်ပွဲ ဖိုင်နယ်သို့ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲအတွက် နောက်ကျမှပြန်လာခဲ့သော်လည်း 2021-2022 ဘောလုံးရာသီအတွက် ပထမဆုံးဖလားအဖြစ် Villarreal (ဗီလာရီးယဲလ်) ကို အနိုင်ယူပြီး ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သောကြောင့် ခေတ္တမျှသာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Mason Mount celebrates with the FIFA Club World Cup trophy | Photo Credit:
Mount ဟာ ကစားသမားကောင်း တစ်ယောက်ပီပီ ချဲလ်ဆီးအသင်းကို ပထမအကြိမ် CWCဖလား ကိုင်မြှောက်နိုင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဆီမီးဖိုင်နယ် နှောင်းပိုင်းမှာ ဖိအားတွေ ကြုံခဲ့ရချိန်မှာလဲ ကူညီဖြေရှင်းပေးခဲ့ပါတယ်။ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားလို့ ဆိုနိုင်ပြီး မရေမတွက်နိုင်သော ဒဏ်ရာတွေ ရရှိခဲ့သော်လည်း Mount ဟာ ဘောလုံးရာသီ ကစားပွဲတိုင်းရဲ့ အရေးကြီးသော အဆင့်များမှာ ပရိတ်သတ်တွေကို မျက်စိဖမ်းစားနိုင်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြီး ၂၀၂၁-၂၂ရာသီရဲ့ 11 ကြိမ်မြောက် ပရီးမီးယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့အတွက် သူဟာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုနဲ့ ဂိုးကန်သွင်းနိုင်တဲ့ ချဲလ်ဆီးကစားသမားတွေထဲမှာ အသက်အငယ်ဆုံးနဲ့ ပဉ္စမမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ထူးထူးခြားခြားပြောရရင်တော့ Mount ဟာ ချယ်လ်ဆီးအသင်းရဲ့ တစ်ရာသီလုံးမှာ အကောင်းဆုံးကစားသမားအဖြစ် မေလ 22 ရက်နေ့တွင် ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရပြီး တစ်ကြိမ်ထက်ပို၍ တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်သည့် 12 ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။