Menu

We are presenting sports news quickly and accurately to our audience.

Follow us

The greatest Chelsea academy graduates ever include Terry, James, Greaves, and Mount

7 months ago 0 61

        နှစ်ဆယ့်တစ်ရာစုအတွင်း အချမ်းသာဆုံးနဲ့ အထူးချွန်ဆုံး အင်္ဂလိပ်အသင်းများထဲမှ တစ်သင်းဖြစ်တဲ့ ပရီးမီးယားလိဂ်အသင်း ချယ်လ်ဆီးအသင်းဟာ ငွေကြေးများစွာသုံးစွဲပြီး ထူးချွန်သည့် ကစားသမားများကို ခေါ်ယူတဲ့ နေရာမှာ အထူးကျော်ကြားပါတယ်။ အကယ်ဒမီများအသင်းအပါအဝင် စီနီယာအသင်းအတွက် သူတို့ရဲ့ ကစားသမားခေါ်ယူမှု၊ ချဉ်းကပ်မှုဟာ ပြည်တွင်းနဲ့ ဥရောပဈေးကွက်များမှာ အသင်းရဲ့ အောင်မြင်မှု အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အလားအလာရှိတဲ့ စွမ်းရည်တွေကို အမှတ်အသားပြုတဲ့ ကျော်ကြားသော ကင်းထောက်စစ်ဆင်ရေးကြောင့် ချဲလ်ဆီး ဟာ ထူးချွန်ထက်မြက်သော စွမ်းရည်များစွာနဲ့ ကစားသမားများကို ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိ ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးစီနီယာကစားသမားများဖြစ်သည့် Reece James၊ Callum Hudson-Odoi နှင့် Mason Mount တို့ဟာ Cobham အငယ်တန်းအကယ်ဒမီကနေတစ်ဆင့် ထွက်ပေါ်လာသော ကစားသမားများဖြစ်ကြပါတယ်။ Cobham မတည်ဆောက်မီ ယခင်ကတည်းက ချဲလ်ဆီးအသင်းဟာ Ron Harris၊ Peter Bonetti၊ Jimmy Greaves၊ John Terry နဲ့ အခြားသူများကဲ့သို့ ထင်ရှားကျော်ကြားသူများကိုလည်း မွေးထုတ်ပေးခဲ့ပါတယ်။ အကောင်းဆုံး စွမ်းဆောင်ရည်များပြသနိုင်ခဲ့တဲ့ အသင်းမှကစားသမားများစာရင်းကို အနှစ်ချုပ်ဖော်ပြထားပေးပါမယ်။

Ron Harris

        ချဲလ်ဆီးအသင်းရဲ့ ထာဝရအကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ Ron Harris ဟာချဲလ်ဆီးအသင်းနဲ့ နှစ်ရှည်လများအတွင်း ပွဲပေါင်း 795 ပွဲခန့် ကစားခဲ့ပြီး ကလပ်ရဲ့စံချိန်တင်ထားသော ကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ ပြင်းထန်တဲ့ ဘောလုံးဖြတ်ထုတ်မှု ပုံစံကြောင့် “Chopper” လို့ လူသိများတဲ့ ခံစစ်ကစားသမားဟာ ချဲလ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာပြီး ကလပ်မှာ သူ့ကိုယ်ကိုနာမည်ရလာအောင် ကြိုးစားခဲ့ပါတယ်။ 1961 ခုနှစ် FA Youth Cup ချန်ပီယံပွဲမှာ ချယ်လ်ဆီးအသင်းကို များစွာကူညီပေးခဲ့ပြီး 1960 နဲ့ 1970 ခုနှစ်များအတွင်း ကလပ်ရဲ့အဓိကကစားသမားအဖြစ် ကျော်ကြားလာပြီး စီနီယာအသင်းမှ ခေါ်ယူခြင်းခဲ့ရပါသည်။ သူဟာ ချဲလ်ဆီးအသင်းကို 1970 ခုနှစ်မှာ FA ဖလားနဲ့ 1971 ခုနှစ်မှာ ဥရောပဖလား Winners’ Cup တို့ကို သိမ်းပိုက်နိုင်ဖို့ ဦးဆောင်ကစားပေးခဲ့တဲ့ထဲမှာ ပါဝင်ခဲ့တဲ့အပြင် နောက်ပိုင်းမှာ ချဲလ်ဆီးအသင်းနှင့်အတူ ပထမဆုံးသော ဥရောပချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Peter Bonetti

Photo Credit:

       နောက်ထပ် ချဲလ်ဆီးအသင်းရဲ့ အိုင်ကွန်ကစားသမား Peter Bonetti (ပီတာဘိုနက်တီ) ဟာ ကလပ်ရဲ့ လူငယ်အသင်းမှာ စတင်ပါဝင်ခဲ့ပြီး နောက်ဆုံးမှာ အသင်းအတွက် ပွဲပေါင်း 700 ကျော် ပါဝင်ကစားခဲ့ပါတယ်။ Bonetti ဟာ သူရဲ့ သွက်လက်သောတုံ့ပြန်မှုများနဲ့ တည်ငြိမ်မှုများကြောင့် “The Cat” ဟူသောအမည်ပြောင်ရရှိထားသော ကျွမ်းကျင်ဂိုးသမားဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းကို သစ္စာရှိရှိနဲ့ ပေးဆပ်ကစားခဲ့ပြီး 1970 ခုနှစ်မှာ FA Cup နဲ့ 1971 ခုနှစ်မှာ European Cup Winners’ Cup တို့တွင် ကလပ်အသင်းရဲ့ အောင်ပွဲများရရှိခဲ့ပါတယ်။ Bonetti ကို အင်္ဂလန်ဂန္တဝင် Gordon Banks က နှစ်အတန်ကြာ နိုင်ငံ့လက်ရွေးစင်စာရင်မး ဖယ်ထုတ်ခဲ့သောကြောင့် Bonetti ဟာ သူ့ရဲ့ နိုင်ငံအတွက် ကစားပွဲ ခုနစ်ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

Jimmy Greave

Photo Credit:

      Jimmy Greaves ဟာ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမားဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးနဲ့ အင်္ဂလန်တို့နဲ့အတူရရှိခဲ့တဲ့ သူ့ရဲ့အောင်မြင်မှုများကြောင့် လူသိများသော ကစားသမားတစ်ဉီးဖြစ်ပါတယ်။ ကစားပွဲတွေမှာ အထိရောက်ဆုံး ဂိုးသွင်းသူတွေထဲက တစ်ဦးဖြစ်တဲ့ Greaves ကို 1955 ခုနှစ်မှာ ချဲလ်ဆီးလူငယ်ပရိုဂရမ်မှာ စတင်တွေ့ရှိခဲ့ပြီး 1957 ခုနှစ်မှာ သူ့ရဲ့ကစားသမားဘ၀ကို စတင်ခဲ့ပါတယ်။ ချဲလ်ဆီးမှာ လေးနှစ်သာနေထိုင်ခဲ့ပေမယ့် ဂိုးပေါင်း 130 ကျော် သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့တင်ဟမ်ဟော့စပါးသို့ မပြောင်းရွှေ့မှီ အေစီမီလန်သို့ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် သွင်းဂိုး ၂၆၆ ဂိုး သွင်းယူကာ ဘယ်သူမှလိုက်မမှီနိုင်သော စံချိန်ကို ရရှိခဲ့ပါတယ်။ Greaves က အင်္ဂလန်အသင်းအတွက် 44 ဂိုးသွင်းယူပေးခဲ့ပြီး 1966 ခုနှစ်မှာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Bobby Tambling

        Bobby Tambling ဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ 202 ဂိုးဖြင့် သွင်းဂိုးအများဆုံး စံချိန်တင်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ ချဲလ်ဆီးဂန္တဝင်ဖရန့်လမ်းပတ်က ယင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။) ဒါပေမယ့် ချဲလ်ဆီးအသင်းအတွက် လိဂ်သွင်းဂိုး (၁၆၄) ဂိုးနဲ့ လိဂ်ဂိုးအများဆုံး သွင်းယူထားသူအဖြစ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ Sussex ဖွား တိုက်စစ်မှူးဟာ အသက် 15 နှစ်အရွယ်မှာ ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာပြီးနောက် ၂နှစ်အကြာ 1959 ခုနှစ်မှာတော့ အသင်းအတွက် ပထဦးဆုံးပွဲထွက်ကစားခဲ့ပါတယ်။ ချယ်လ်ဆီးသို့ ထွက်ခွာလာပြီးနောက် Greaves ချဲလ်ဆီးအသင်းမှနေထွက်ခွာသွားပြီးနောက် Tambling ဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် သူ့ကိုယ်သူ နေရာရအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို မသွားခင်မှာ သူဟာ ချဲလ်ဆီးအသင်းမှာ ၁၁ နှစ်ခန့် ကစားပေးခဲ့ပြီး အခုလက်ရှိ စတန်းဖို့ဒ်ဘရစ်ချ်မှာ Tambling ရဲ့အဝတ်လဲခန်းကို သူ့ရဲ့ အမည် ပေးထားတယ်လို့ သိရပါတယ်။

Terry Venables

        Terry Venables ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်ဟာ သူ့ရဲ့ ကစားသမားဘ၀ထက် ပိုမိုလူသိများပြီး သူဟာ ချဲလ်ဆီးအသင်းကနေ ထွက်ပေါ်လာတဲ့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်အချိန်က “Duncan Edwards” ဟု မကြာခဏ ရည်ညွှန်းခံရလေ့ရှိသော ကွင်းလယ်ကစားသမားဟာ အသက် 15 နှစ်အရွယ်မှာ အလုပ်သင်အဖြစ် ချယ်လ်ဆီးအသင်းသို့ဝင်ရောက်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ခြောက်နှစ်တာကာလကို ဖြတ်သန်းရင်း အသင်းရဲ့ တန်းတက်ခွင့်ရခြင်းနဲ့ တန်းဆင်းရခြင်းများကိုလည်း တွေ့ကြုံခဲ့ရပါတယ်။ 1960 ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးအသင်းအတွက် ပွဲဦးထွက်ကို ကစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ TottenhamQueens Park Rangers နဲ့ Crystal Palace အသင်းများအတွက် ကစားပေးခဲ့ပါတယ်။ Venables ဟာ မန်နေဂျာတစ်ဦးအဖြစ်လည်းလုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ စာအုပ်များလည်းရေးသားလျက်ရှိသည်။ မန်နေဂျာအဖြစ် ကျူပီအာ၊ စပါး၊ ဘာစီလိုနာ၊ ခရစ္စတယ်ပဲလေ့စ်နဲ့ လိဒ်ယူနိုက်တက် အစရှိတဲ့ နာမည်ကြီးအသင်းများကို ကြီးကြပ်ခဲ့တဲ့အပြင် အင်္ဂလန်အသင်းကို 1994 ခုနှစ်မှ 1996 ခုနှစ်အထိ နည်းပြအဖြစ်ဦးဆောင်ခဲ့ပါတယ်။ Venables က 1985 ခုနှစ်မှာ ဘာစီလိုနာအသင်းကို လာလီဂါ ချန်ပီယံဖြစ်အောင်နဲ့ 1986 ခုနှစ်မှာ ဥရောပဖလား ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့တဲ့အထိ ကူညီပေးနိုင်ထားခဲ့ပါတယ်။

Peter Osgood

        1964 ခုနှစ်မှာ ချဲလ်ဆီးအသင်းမှ လူငယ်ကစားသမားအဖြစ် ခေါ်ယူခဲ့ရာ အရပ်ရှည်ပြီး ဘောလုံးအရည်အချင်းအပြည့်ရှိသော တိုက်စစ်ကစားသမား ပီတာ အိုစွတ်ဒ် ပဲဖြစ်ပါတယ်။ သူဟာ အရေးကြီးသည့် အခြေအနေများတွင် ထူးချွန်သောအရည်အသွေးများဖြင့် ခြေစွမ်းပြသည့် တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ လန်ဒန်အနောက်ပိုင်းမှာ အောင်မြင်သော ကစားသမားဘ၀ဖြင့် ပြိုင်ပွဲအရပ်ရပ်မှာ အသင်းအတွက် ဂိုး 150 သွင်းယူခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ 1969- 1970 ခုနှစ် FA Cup ရာသီအတွင်း သူဟာ Leeds အသင်းနဲ့ မကျေပွဲမှာ ဂိုးသွင်းခြင်းဖြင့် ချဲလ်ဆီးအသင်းအား ပြိုင်ပွဲမှာ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ 1971 ခုနှစ် ဥရောပ ဖလား Winners’ Cup ဖိုင်နယ်မှာ ရီးယဲလ် မက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရစဉ် သူဟာ ချယ်လ်ဆီးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၁ဂိုး ထပ်မံ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ Osgood ဟာ 2006 ခုနှစ်မှာဆုံးပါးသွားခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျအောက်က Shed End အနီးရှိ ပင်နယ်တီနေရာမှာ မြှုပ်နှံထားသည့်အပြင် စတန်းဖို့ဒ်ဘရစ်ခ်ျ အပြင်ဘက်မှာလည်း ကြယ်ပွင့်ဟောင်းကို ဂုဏ်ပြုသော ရုပ်တုကို ထားရှိပေးထားပါတယ်။

Ray Wilkins

        စတန်းဖို့ဒ်ဘရစ်ချ်မှာ Ray Wilkins ဟာ အသက် 1973 ခုနှစ်/အသက်17 နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်မကစားမီ အဆင့်သတ်မှတ်ချက်များကို အလျင်အမြန် ဖြတ်ကျော်လာနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ခြောက်နှစ်သက်တမ်းကာလအတွင်းမှာ ဆန်းပြားပြီး ထူးချွန်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် လျင်မြန်စွာ နာမည်ကျော်ကြားခဲ့ပါတယ်။ အသင်းဟာ တန်းဆင်းသွားခဲ့ရပြီးနောက် 1975 ခုနှစ်မှာကလပ်မှ Wilkins အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီး နောက်နှစ်မှာ အသင်းကို 1977 ခုနှစ်မှာ တန်းတက်ခွင့်ပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်တကြိမ်ထပ်မံ တန်းဆင်းခဲ့ရပြီးနောက် 1979 ခုနှစ်မှာတော့ Wilkins ဟာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွင်းလယ်ကစားသမားဟာ အေစီမီလန်၊ QPR၊ PSG နှင့် Rangers အသင်းများအတွက် ကစားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံအတွက် ၈၄ ပွဲကစားပြီး အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ၁၀ပွဲအထိဦးဆောင်ပေးခဲ့ပါတယ်။ Wilkins ဟာ 2018 ခုနှစ် အသက် 61 နှစ်အရွယ် မှာ ကွယ်လွန်ခဲ့ပါတယ်။

Graeme Le Saux

Photo Credit:

        ဂျာစီ (Jersey) ဇာတိဖွား Le Saux ကို မြို့တွင်းပြိုင်ပွဲတစ်ခုကနေ ကလပ်တွေက သတိပြုမိလာပြီးနောက် 1987 ခုနှစ် အသက် 19 နှစ်မှာ  ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ Le Saux ဟာ လူငယ်အသင်းမှာ အထင်ကြီးလောက်စရာတွေ လုပ်ပြနိုင်ခဲ့ပြီးတဲ့နောက် 1989 ခုနှစ်မှာ စီနီယာအသင်းကြီးအတွက် သူ့ရဲ့ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ဘယ်တောင်ပံကစားသမား နေရာကနေ ဘယ်ဘက် နောက်ခံကစားသမားအဖြစ် စွန့်စားကစားခဲ့ပြီး အောင်မြင်မှုမရရှိပဲ 1993 ခုနှစ်မှာ  အဆုံးသတ်ခဲ့ပေမယ့် ဘလက်ဘန်းရိုဗာအသင်းထံ ကာလကြာရှည် ပြောင်းရွှေ့သွားပြီးနောက် အင်္ဂလန်ဘောလုံးလောကရဲ့ ဈေးအကြီးဆုံးနောက်ခံလူအဖြစ် ချဲလ်ဆီးအသင်းထံပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 2003-05 ခုနှစ်မှာတော့ ဆောက်သမ်တန်အသင်းမှာ နောက်ဆုံးကစားခဲ့ပါတယ်။ သူဟာ စုစုပေါင်း ပွဲပေါင်း 400 ကျော် ပါဝင်ကစားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် 36 ပွဲကစားပေးခဲ့ပါတယ်။

John Terry

Photo Credit:

        ချဲလ်ဆီးအသင်းကမွေးထုတ်လိုက်တဲ့အထဲမှာ ကြီးကျယ်အခမ်းနားဆုံး ကစားသမားက ဂျွန်တယ်ရီ? ဘယ်လိုပဲဖြစ်ဖြစ် ငြင်းဆန်လို့မရတဲ့ အမှန်တရားဖြစ်နေမယ်လို့ထင်ပါတယ်။ နောက်တန်းကစားသမား John Terry ဟာ ချဲလ်ဆီးအသင်းရဲ့ အအောင်မြင်ဆုံးအသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံဆုငါးကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားလေးကြိမ်နှင့် ယူရိုပါလိဂ်ဖလားတို့ကို သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ Terry အသက် 14 နှစ်အရွယ်မှာ ချဲလ်ဆီးအကယ်ဒမီသို့ မပြောင်းမီ ဝက်စ်ဟမ်းလူငယ်ပရိုဂရမ်မှာ သူ့ရဲ့ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ အကယ်ဒမီကစားသမားဘဝမှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အသက် 17 နှစ်၊ 1998 ခုနှစ်မှာ အသင်းကြီးအတွက် သူ့ရဲ့ ပထမဆုံး ပွဲထွက်ကစားခွင့်ကို စတင်ရရှိခဲ့ပါတယ်။ ကစားသမားဘဝ 2000 ခုနှစ်မှာ Nottingham Forest တွင် တရာသီသာအငှားထွက်ကစားခဲ့ပြီးနောက်ပိုင်း ချဲလ်ဆီးစီနီယာအသင်းတွင်တောက်လျောက်ကစားခွင့်ရရှိလာခဲ့ပါတယ်။ Terry ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ချဲလ်ဆီးအသင်းအတွက် 717 ပွဲ ကစားပေးခဲ့တဲ့အပြင် အင်္ဂလန်အသင်းအတွက် 78 ပွဲ ကစားပေးခဲ့ပါတယ်။

Andreas Christensen

Photo Credit:

        ဥရောပတစ်ဝှမ်းရှိ အလားအလာရှိတဲ့ လူငယ်များကို ရှာဖွေလျက်ရှိတဲ့ ချဲလ်ဆီးအသင်းဟာ Brondby မှ Danish ဗဟိုခံစစ်ကစားသမား Andreas Christensen ကို တွေ့ရှိခဲ့ပြီး အသက် 15 နှစ်အရွယ်မှာ ခေါ်ယူနိုင်ခဲ့ပါတယ်။ Christensen ဟာ အသက် 17 နှစ်မှာ စီနီယာအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ရပြီး နောက်ပိုင်းတွင် သူ့အတွက်နာမည်ကျော်ကြားမှု တိုးတက်မှုတွေ ရရှိစေခဲ့တဲ့ Borussia Monchengladbach သို့ အငှားချခံခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းကိုပြန်ရောက်ပြီးနောက်မှာတော့ သူဟာ ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာခဲ့ပါတယ်။ 2022 ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းသို့ မပြောင်းခင် ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း 160 ကျော် ပါဝင်ကစားခဲ့ပါတယ်။ သူဟာ 2021 ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ရဲ့ 39 မိနစ်မှာ သီယာဂို ဆေးလ်ဗား ရဲ့ နေရာမှာ လူစားလဲဝင်ရောက်ခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ပေးဂိုးမရှိအောင် နောက်တန်းမှာခြေစွမ်းပြကစားသွားခဲ့ပြီး ပွဲကိုလည်း 1ဂိုး – 0ဂိုး နဲ့ အနိုင်ရရှိကူညီပေးနိုင်ခဲ့ပါတယ်။

Mason Mount

Photo Credit:

        ချဲလ်ဆီးအကယ်ဒမီရဲ့ လတ်တလောအောင်မြင်မှုများထဲမှ တစ်ခုကတော့ Mason Mount ပဲ ဖြစ်ပါတယ်။ 2005 ခုနှစ် 6 နှစ်သားအရွယ်ကတည်းက ချဲလ်ဆီးအသင်းထံ ရောက်ရှိလာခဲ့ပြီး စိတ်အားထက်သန် မှုတွေ ပြည့်နှက်နေတဲ့ ကွင်းလယ်ကစားသမားဟာ Frank Lampard ရဲ့ အကြီးစား ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ FA Youth Cup နှစ်ကြိမ်နဲ့ UEFA Youth League ဖလားတစ်လုံးတို့ကို ရယူကာ သူ့ရဲ့ အကယ်ဒမီ ကစားသမားအဆင့်များမှာ လျင်မြန်စွာ တိုးတက်လာခဲ့တဲ့အပြင် 2017 ခုနှစ်မှာ ချဲလ်ဆီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး အကယ်ဒမီကစားသမားဖြစ်ခဲ့ပါတယ်။ သူဟာ Vitesse အသင်းမှာ တရာသီအငှားထွက်ကစားခဲ့ပြီး အသင်းရဲ့  တနှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ဟော်လန်လိဂ်ပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံးအသင်းလူစာရင်းမှာပါရွေးချယ်ခံခဲ့ရပါတယ်။ နောက်နှစ်မှာတော့ Derby County (Frank Lampard အောက်တွင်) အငှားထွက်ကစားခြင်းမှ အကျိုးကျေးဇူးများစွာရရှိလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံရမှုကြောင့် Mount Mount ဟာ 2019-20 ရာသီအစမှာ တောက်ပဖို့ အခွင့်အရေးရခဲ့ပြီး လက်ရှိအချိန်မှာလည်း ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်နေပါတယ်။ ချဲလ်ဆီးအသင်းက 1ဂိုး – 0ဂိုး နဲ့အနိုင်ရခဲ့တဲ့ 2021 ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ Kai Havertz ကို သူ့ရဲ့ ကူညီပံ့ပိုးဖန်တီးပေးမှုကြောင့် ပိုလို့တောင် အမှတ်ရစရာဖြစ်ခဲ့ပါတယ်။

Declan Rice

Photo Credit:

        လက်ရှိ အင်္ဂလန်အသင်းရဲ့ အလိုအပ်ဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးကတော့ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ Declan Rice ပါပဲ။ ဝက်စ်ဟမ်းကစားသမားဟာ အင်္ဂလန်အတွက် Gareth Southgate ရဲ့ ပထမဆုံးရွေးချယ်မှုဖြစ်ပြီး ယူရို 2020 ဗိုလ်လုပွဲသို့တက်ရောက်နိုင်ရန် အင်္ဂလန်အသင်းရဲ့ တိုးတက်မှုအတွက် အရေးပါသူဖြစ်ပါတယ်။ ဒါပေမယ့် Rice က ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားပါ။ ခုနစ်နှစ်သားအရွယ် 2006 ခုနှစ်မှာ ချဲလ်ဆီးအကယ်ဒမီထံ ရောက်ရှိခဲ့ပြီး ရှစ်နှစ်နီးပါးအကြာမှာ ချယ်လ်ဆီးအသင်းက သူ့ကိုလက်လွှတ်ခဲ့ပါတယ်။ Rice ဟာ နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက သူ့ကိုခေါ်ယူရန် စိတ်ဝင်စားလျှက်ရှိပြီး ခေါ်ယူရန် လျာထားလျက်ရှိပါတယ်။

Reece James

        ခံစစ်ကစားသမား James ဟာ ချယ်လ်ဆီးအသင်းရဲ့ မကြာသေးမီက အကယ်ဒမီမှ နောက်ထပ် အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဖူလ်ဟမ်မှာ ခဏတာ အဌားသွားရောက်ရခြင်းမှလွဲ၍ ပါရမီရှိတဲ့ ညာနောက်ခံကစားသမားဟာ သူ့ရဲ့ လူငယ်ဘဝတစ်လျှောက်လုံး ချယ်လ်ဆီးအသင်းမှာပဲ ကစားခဲ့ပါတယ်။ 2017 ခုနှစ်မှာ James က ချယ်လ်ဆီးအသင်းကို FA Youth Cup ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့ပြီး အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ James က ဝီဂန်သို့ အငှားဖြင့်စေလွှတ်ခံရပြီးနောက် အသင်းအတွက် တိကျသော ဖြတ်တင်ဘောများ ပေးပို့ခြင်းနှင့် အဝေးကန်ချက်များမှ ဂိုးများသွင်းယူပေးကာ စီနီယာအသင်းအတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ ဝီဂန်အသင်းမှ ချီးမြင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ကစားသမားတွေပေးတဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးဆု စတဲ့ ဆု ၃ဆုကိုလည်း တရာသီသာ ကစားပြီး ရရှိလာခဲ့ပါတယ်။ James ဟာ Ajax အသင်းနဲ့ 4ဂိုး – 4ဂိုး ပွဲမှာ အံ့အားသင့်စရာကောင်းတဲ့ ဂိုးကို သွင်းယူခဲ့ပြီး ချဲလ်ဆီးရဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ်သွင်းဂိုး ရရှိသူအဖြစ် 2019 ခုနှစ်မှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ James ရဲ့ ထူးထူးခြားခြား အောင်မြင်မှုတွေက မကြာသေးခင်ကမှ ရီးယဲလ်မက်ဒရစ်လို အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပေမယ့် ကစားသမားဟာ ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပြီး အသင်းမှာ ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ရီစ့်ဂျိန်းဟာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူစာရင်းဝင်ဖြစ်လာနေပါပြီ။

Callum Hudson-Odoi

Photo Credit:

        Callum Hudson-Odoi ကို Cobham မှ အရည်အချင်းအရှိဆုံး ကစားသမားအဖြစ် ပရိသတ်များက သတ်မှတ်ကြပါတယ်။ 2007 ခုနှစ်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ တောင်ပံ ကစားသမားဟာ ငယ်ရွယ် စဉ်ကတည်းက ကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။ Hudson-Odoi က 2017 ခုနှစ် U-17 ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ အင်္ဂလန် အသင်းရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး FA Youth Cup 2 ကြိမ်မှာလည်း ပါဝင်ခဲ့ပါတယ်။ 2017-18 ခုနှစ်မှာ ချဲလ်ဆီးစီနီယာအသင်းမှာ ပါဝင်နိုင်ရန်အတွက် Hudson-Odoi ဟာ မျှော်လင့်ချက်များ ထားရှိခဲ့ပါတယ်။ ဂျာမန်အင်အားကြီး ဘိုင်ယန်မြူးနစ်က Hudson-Odoi ကို ကမ်းလှမ်းမှုများစွာ ပြုလုပ်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ကမ်းလှမ်းမှုအားလုံးကို ပယ်ချခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း 100 ကျော်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် 3 ပွဲ ကစားပေးထားပြီးဖြစ်တဲ့ Hudson-Odoi က 2021-2022 ခုနှစ်မှာ ကစားချိန်နည်းပါးသော်လည်း အသက် 21 နှစ်သာရှိသေးတဲ့အတွက် ချဲလ်ဆီးပရိသတ်များက သူ့ရဲ့ ကြီးမားသော အလားအလာကို လျင်မြန်စွာရရှိရန် မျှော်လင့်နေကြပါတယ်။ လက်ရှိ 2022-23 ရာသီမှာတော့ ဘိုင်ယန်လေဗာကူဆင်အသင်းထံအငှားထွက်ကစားနေပြီး ခြေစွမ်းပြကစားလျက်ရှိပါတယ်။

Reference: Goal, Wikipedia and others

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *