ချဲလ်ဆီးပရိတ်သတ်တွေဟာ ချန်ပီယံလိဂ်မှာ ကစားသမားသစ်တွေထဲက ဘယ်သူတွေကစားရမလဲဆိုတာကို စိတ်ဝင်စားနေကြပါတယ်။
ချဲလ်ဆီးအသင်းကလည်း ဒီနှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပိုင်ရှင်သစ်တွေက ကစားသမားခေါ်ယူကို သမိုင်းဝင်လောက်အောင်ခေါ်ပြသွားခဲ့ပါတယ်။ ဇန်နဝါရီလအပြောင်းအရွှေ့မှာတင် ကစားသမား ၈ယောက်ထိကိုခေါ်ယူထားခဲ့တာပါ။ ခုလို ကစားသမားတွေကို ခေါ်ယူခဲ့တာကြောင့် ချဲလ်ဆီးအားပေးတဲ့သူတွေအနေနဲ့ ချန်ပီယံလိဂ်မှာ ဘယ်သူတွေက ကစားခွင့်ရမလဲဆိုတာ သိချင်နေတာကြောင့် ခုလိုရေးပေးတာပါ။ ကျွန်တော်တို့ စည်းမျဉ်းလေးတွေက စပြီးပြောပြချင်ပါတယ်။
UEFA ရဲ့စည်းမျဉ်း (အပိုဒ် 46.1) အရဆိုရင် ချန်ပီယံလိဂ်မှာဝင်ကစားနေတဲ့အသင်းတသင်းအနေနဲ့ 16သင်းရှုံးထွက်အဆင့်ကနေ လက်ကျန်ပွဲစဉ်တွေအတွက်ကို ကစားသမားသစ် 3ယောက်အထိ ထပ်မံမှတ်ပုံတင်ခွင့်ရှိပါတယ်။ ကစားသမားတွေကိုမှတ်ပုံတင်တဲ့ကိစ္စတွေကိုတော့ ဖေဖော်ဝါရီလ 2ရက်နေ့ 2023 နောက်ဆုံးထားပြီးတင်ဖို့တော့လိုပါတယ်။ UEFA ဘက်က နောက်ဆုံးရက်ကို ဘာအကြောင်းကြောင့်မှ ထပ်မံသက်တမ်းတိုးပေးမှာမဟုတ်လို့ပဲဖြစ်ပါတယ်။

ကစားသမားတွေကို မှတ်ပုံတင်တဲ့အခါမှာ List A နဲ့ List B ဆိုတာရှိပါတယ်။
UEFA စည်းမျဉ်း (အပိုဒ် 45.02) – List A မှာ ဘောလုံးရာသီတွင်း ကစားသမား 25ယောက်ရှိရမှာဖြစ်ပြီး၊ ဒီထဲက ကစားသမား 8ယောက်ဟာ ပြည်တွင်းမှာလေ့ကျင့်ပေးထားတဲ့ကစားသမား (locally trained players) တွေဖြစ်ရပါမယ်။ ဒီကစားသမား 8 ယောက်ထဲမှာကလည်း အဖွဲ့အစည်းတခုတည်းက လေ့ကျင့်ပေးထားတဲ့ ကစားသမား 4ယောက်ထက်ပိုလို့မရပါဘူး။
UEFA စည်းမျဉ်း (အပိုဒ် 45.09 နဲ့ 45.10) – ဇန်နဝါရီလ 1ရက်နေ့ 2001ခုနှစ် နောက်ပိုင်းမှာမွေးတဲ့ အသက် 22 နှစ်အောက်တွေကို ဘောလုံးရာသီထဲ List B ထဲမှာ အကန့်အသတ်မရှိ မှတ်ပုံတင်လို့ရပါတယ်။
UEFA စည်းမျဉ်း (အပိုဒ် 45.11) – ကစားသမားဟာ ဇန်နဝါရီ 1ရက် 2001နောက်ပိုင်း (အသက် 22နှစ်အောက်) ဆိုရင် List B ထဲမှာ မှတ်ပုံတင်ခွင့်ရှိပါတယ်။ သူ့ရဲ့အသက် 15နှစ်ပြည့်ပြီးနောက်ပိုင်း ကစားခွင့်ရှိလာတဲ့အခါ ကလပ်အသင်းမှာ 2 နှစ်ဆက်ကစားထားခဲ့တဲ့သူတော့ဖြစ်ရပါမယ်။ ဒါမှမဟုတ်ရင် အဖွဲ့အစည်းတခုတည်းအောက်က ကလပ်အသင်းတတင်းကို အငှားထွက်ကစားခဲ့တာဟာ 1နှစ်ထက်မပိုခဲ့တာလည်းအပါအဝင် စုစုပေါင်း 3နှစ်ဆက်ကစားထားရပါမယ်။ အသက် 16နှစ်ပြည့်ပြီးတဲ့ကစားသမားတွေဟာ အသင်းနဲ့အတူ 2နှစ်ဆက်မှတ်ပုံတင်ထားခဲ့ဖူးတယ်ဆိုရင် List B ထဲကို မှတ်ပုံတင်လို့ရပါတယ်။
Sky Sports မှာ ဒီအကြောင်းကို 2ယောက် ပြောခဲ့ကြပြီး ပြောခဲ့တာ နှစ်မျိုးကွဲနေပါတယ်။ တချက်ဖတ်ကြည့်ကြည့်ပါ။

မူဒရစ်ကိုခေါ်ခဲ့တဲ့အချိန်က ပထမတယောက်ပြောတာကတော့ အသက် 22နှစ်အောက် ကစားသမားတွေကို List B ထဲမှာ အကန့်အသတ်မရှိမှတ်ပုံတင်ခွင့်ရှိပြီး၊ List A စာရင်းဖြစ်တဲ့ 25 ယောက်ထဲမှာမပါပေမယ့်လည်း ချန်ပီယံလိဂ်မှာ ဝင်ကစားခွင့်ရှိပါတယ်။
သူပြောပုံအရ ချဲလ်ဆီးကစားသမားသစ်တွေကိုကြည့်မယ်ဆိုရင် ဘန်နွာ ဘတ်ဒီယာရှီးလ် (21 နှစ်)၊ အန်ဒရေ ဆန်းတို့စ် (18 နှစ်)၊ ဒက်ထရို ဖိုဖာနာ (20 နှစ်)၊ မီခိုင်းလ်လို မူဒရစ်ခ် (22 နှစ်၊ ဇန်နဝါရီ 5 ရက် 2001) နဲ့ အန်ဇို ဖာနန်ဒက် (22 နှစ်၊ ဇန်နဝါရီလ 17ရက် 2001) တို့ပဲဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ ဇန်နဝါရီလ 2001 ခုနှစ်နောက်ပိုင်းမွေးတဲ့ အသက် 22နှစ်အောက်တွေဖြစ်တာကြောင့် List B ထဲမှာ မှတ်ပုံတင်လို့ရပါတယ်။ အသင်းရဲ့ List A ဖြစ်တဲ့ 25ယောက် ကစားသမားစာရင်းထဲမှာမပါပေမယ့်လည်း ချန်ပီယံလိဂ်ကိုဝင်ရောက်ကစားခွင့်ရှိနေပါတယ်။ ( ဒီကိစ္စကို ကျွန်တော်တို့ LIVE မှာ သူ့အာဘော်ကိုပြောခဲ့ဖူးပါတယ်။)

အန်ဇိုရောက်ပြီးနောက် တခြားတယောက်ပြောတာက
ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီလအပြောင်းအရွှေ့မှာ ကစားသမားသစ် 8 ယောက်ထိခေါ်ယူခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့စည်းမျဉ်စည်းကမ်းအရ ဇန်နဝါရီလမှာ ကစားသမားသစ် 3ယောက်သာ ထပ်မံမှတ်ပုံတင်ခွင့်ရှိပါတယ်။ ဒီထဲမှာ မာလို ဂူစတိုဟာ လီယွန်အသင်းမှာ အငှားပြန်ကစားခဲ့ပြီး၊ ဘရာဇီးလူငယ်ကစားသမားလေး အန်ဒရီ ဆန်းတို့စ်ဟာလည်း အလုပ်ပါမစ်မရသေးတာကြောင့် ဒီစာရင်းထဲမှာ ထည့်စဉ်းစားစရာမလိုပါဘူး။ နိုနီ မာဒရေကေး နဲ့ ဒက်ထရိုဖိုဖာနာတို့ 2ယောက်ဟာလည်း အသက်အရွယ်အရ ငယ်သေးတာကြောင့် ရွေးချယ်ခံရနိုင်ချေနည်းပါတယ်။
အဓိကစဉ်းစားရွေးချယ်ရမယ့် ကစားသမား 4ယောက်ဖြစ်တဲ့ မီခိုင်းလ်လို မူဒရစ်ခ်၊ ဂျာအို ဖီးလစ်၊ ဘန်နွာ ဘတ်ဒီယာရှီးလ် နဲ့ အန်ဇို ဖာနန်ဒက် တို့ပဲဖြစ်ပါတယ်။ လက်ကျန်ကစားသမား 4 ယောက်ထဲမှာ ဘယ် 3 ယောက်ကိုရွေးချယ်မလဲဆိုတာကိုတော့ ဂရေဟမ်ပေါ်တာ ဆုံးဖြတ်ရပါလိမ့်မယ်။ နောက်ဆုံးဆုံးဖြတ်ချပြီးတဲ့နောက် UK စံတော်ချိန် ည 11 နာရီနောက်ဆုံးထားပြီး ချန်ပီယံလိဂ်မှာကစားမယ့် ကစားသမားစာရင်းကိုမှတ်ပုံတင်ရမှာပါ။
ဒီလိုပြောစကားတွေကိုကြည့်ပြီး ကိုယ်အနေနဲ့ စဉ်းစားခွဲခြားပြီး ယုံကြည်လို့ရပါတယ်။ ဒီကိစ္စကို Sky Sports တခုတည်းတင်မဟုတ်ပါဘူး၊ အားလုံးပြောနေကြတာပါ။ အဖြေအတိအကျကိုတော့ 2ရက်နေ့ည 11 နာရီ (UK အချိန်) မှာသိရမှာပါ။ မြန်မာအချိန် 3ရက်နေ့ နံနက် 5နာရီခွဲ)
စည်းမျဉ်းတွေကို အသေးစိတ်ဖတ်ကြည့်ချင်ရင် ဒီကဖတ်ကြည့်ပါခင်ဗျာ -https://documents.uefa.com/r/Regulations-of-the-UEFA-Champions-League-2022/23-Online
(ကျွန်တော်တို့အမြင် စည်းမျဉ်းအရတော့ မူဒရစ်ခ်၊ ဖီးလစ်၊ အန်ဇို နဲ့ ဘတ်ဒီယာရှီးလ်တို့ ထဲက 3ယောက်ကို ဂရေဟမ်ပေါ်တာရွေးရလိမ့်မယ်လို့ မြင်မိပါတယ်။)
Photo Credit to Chelsea FC & Sky Sports.