ချဲလ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ကိုဦးဆောင်နေပြီး မူဒရစ်ကို ခေါ်ယူနိုင်ဖို့ရေးပန်းစားနေတဲ့မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီကနေ ကြားဖြတ်ခေါ်ယူမှုပြုလုပ်သွားခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းနဲ့ ယူကရိန်းအတွက်တော့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း 100 (စတာလင်ပေါင် 88.7သန်း) နဲ့ အသက် 22နှစ်အရွယ် မူဒရစ်ကို ချဲလ်ဆီးအသင်းဆီရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အခုဖော်ပြပေးမှာကတော့ ရှက်တာဒိုးနက်အသင်းရဲ့ Chief Executive ဖြစ်တဲ့ Sergei Palkin နဲ့ The Athletic သတင်းဌာနမှ Adam Crafton တို့ရဲ့အမေးအဖြေကဏ္ဌပဲဖြစ်ပါတယ်။
Photo Credit to Chelsea FC
မေး Adam Crafton: မူဒရစ်အပြောင်းအရွှေ့က ပရီးမီးယားလိဂ်ကိုအားပေးနေတဲ့ ပရိတ်သတ်တွေတော်တော်များများအံ့အားသင့်ရကြပါတယ်။ ဘာလို့လဲဆိုတော့ သူက အာဆင်နယ်ကိုသွားကြမယ်လို့ထင်နေကြပါတယ်၊ 24 နာရီအတွင်းကိုပဲ သူက ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ သူချဲလ်ဆီးအသင်းကိုပဲပြောင်းရွှေ့ကစားလိမ့်မယ်လို့ ဘယ်အချိန်တုန်းကသိခဲ့တာလဲဗျ?
ဖြေ Sergei Palkin: ချဲလ်ဆီးအသင်းရဲ့ Co-Owner ဖြစ်တဲ့ Behdad Eghbali နဲ့ director of global talent and transfers တာဝန်ခံ Paul Winstanley တို့တွေ ရောက်လာကြတဲ့နောက်ပေါ့ လွန်ခဲတဲ့ ၂ရက်က (စနေနေ့) လို့ပြောရပါမယ်။ ကျွန်တော်တို့အသင်းရဲ့လေ့ကျင့်ရေးဆင်းနေတဲ့နေရာ Turkey က Antalya ကိုရောက်လာကြတာပါ။ သူတို့ရောက်မလာခင်အထိသူတို့နဲ့ သူတို့နဲ့ အပြောင်းအရွှေ့ကိစ္စနီးစပ်လိမ့်မယ်လို့မသိခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် ချဲလ်ဆီးအသင်းကို အာဆင်နယ်အသင်းနဲ့ပြောဆိုဆက်ဆံတဲ့ပုံစံအတိုင်းပဲလုပ်ခဲ့တာပါ။ ကျွန်တော်ဒီ့ထက်ပြည့်ပြည့်စုံစုံပြောရရင် အာဆင်နယ်အသင်းနဲ့တွေ့ဆုံမှုတွေက ချဲလ်ဆီးအသင်းထက်ကိုများပါတယ်။ ချဲလ်ဆီးနဲ့နောက်ဆုံးအကြိမ်ဆွေးနွေးမှုတွေမပြုလုပ်ခင် အာဆင်နယ်အသင်းရဲ့ကမ်းလှမ်းမှုဟာလည်း နီးစပ်မှုတွေရှိခဲ့ပြီး၊ ချဲလ်ဆီးအသင်းထက်တောင် လက်ဦးမှုရရှိဖို့အတော်လေးနီးစပ်နေခဲ့တာပါ။
Photo Credit to Chelsea FC
အာဆင်နယ်အသင်းနဲ့ ဘယ်နှစ်ကြိမ်တွေ့ဆုံခဲ့ကြတာလဲဗျ?
ဖုန်းနဲ့ပြောတာတွေထည့်မတွက်ရင်တော့ 3ကြိမ်တွေ့ဆုံခဲ့တယ်လို့ပြောရမှာပေါ့။
ဒီအပြောင်းအရွှေ့ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့သတင်းအရင်းအမြစ်တွေဆီကသိရသလောက်ဆိုရင် အာဆင်နယ်အသင်းနဲ့ ခင်ဗျားတို့က အပြောင်းအရွှေ့ကိစ္စကိုသဘောတူညီမှုရရှိတော့မယ်ပေါ့၊ နောက်ပြီး ကစားသမားကိုယ်တိုင်ကလည်း social media ပေါ်မှာ အာဆင်နယ်ပွဲတွေကြည့်နေတယ်ဆိုတာလည်းမြင်နေရတယ်လေ။ ဆိုတော့ဗျာ ခင်ဗျားရဲ့ အမြင်အရဆိုရင် ဘယ်အရာတွေကအပြောင်းအလဲတွေဖြစ်ကုန်တာလဲ? နောက်ပြီး ချဲလ်ဆီးအသင်းကလည်း Turkey ကိုလာပြီး ဒီအပြောင်းအရွှေ့ကိုအပြီးသတ်နိုင်ဖို့ဖြစ်လာရတာလဲ?
ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင်တော့ ဒီလိုအချက်တွေကြောင့်ပဲ လူတိုင်းက အာဆင်နယ်နဲ့အကြောင်းပဲပြောနေကြတာပေါ့၊ အာဆင်နယ်က ကျွန်တော်တို့ကိုမဆက်သွယ်ခင်ကတည်းက မူဒရစ်နဲ့ တလခွဲနီးပါးလောက် ချိတ်ဆက်ပြောဆိုမှုတွေလုပ်ထားပြီးနေပါပြီ။ ခင်ဗျားစဉ်းစားကြည့်ဗျာ၊ ဥပမာပြောရမယ်ဆိုရင် ခင်ဗျားကို အာဆင်နယ်နည်းပြ အာတီတာ၊ ယူကရိန်းတနိုင်ငံတည်းသား ဇင်ချန်ကိုနဲ့ အားကစားဒါရိုက်တာ အီဒူးက နေ့တိုင်း၊ ၂ရက်၁ခါ ဒါမှမဟုတ် ၃ရက်၁ခါတွေ ဖုန်းဆက်နေကြမယ်ဗျာ။ ခင်ဗျားက အသင်းပြောင်းချင်ရင်လည်းပြောင်းချင်မယ်၊ မပြောင်းချင်တာလည်းဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ဖုန်းလက်ခံပေးနေရမယ်၊ စကားတွေလည်းပြောပေးနေရမှာပေါ့။ ချဲလ်ဆီးအသင်းနဲ့ပတ်သတ်ပြီးပြောရရင်ကျတော့ ဒီဇင်ဘာလကုန်ခါနီးကျွန်တော်တို့ဆီသူတို့ဘက်က ဆက်သွယ်လာပြီး မူဒရစ်ကို ခေါ်ယူဖို့စိတ်ဝင်စားကြောင်းနဲ့ မူဒရစ်နဲ့ စကားပြောလို့ရမလားဆိုပြီး မေးလာပါတယ်။ သူတို့ မူဒရစ်ကိုဆက်သွယ်ကြတာက ဒီဇင်ဘာလကုန် ဒါမှမဟုတ် ဇန်နဝါရီလဆန်းပိုင်းလောက်ဖြစ်မှာပေါ့။ သူတို့ မူဒရစ်ရဲ့အေးဂျင့်ရယ် မူဒရစ်ကိုဆက်သွယ်ပြီး လစာကိစ္စတွေညှိနှိုင်းကြတာသဘောတူညီမှုရသွားကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတော်တော်များများက မူဒရစ်က အာဆင်နယ်ကိုပဲပြောင်းကစားမယ်လို့ထင်နေသေးကြတာလဲ? ဘာလို့လဲဆိုတော့ အာဆင်နယ်က မူဒရစ်ကိုဆက်သွယ်တယ်၊ နောက်တော့ မူဒရစ်က အာဆင်နယ်ပွဲတွေကြည့်ဖြစ်လာတယ်၊ အဲ့ဒါကြောင့်ပါပဲ။ ဒါပေမဲ့ ညှိနှိုင်းဆွေးနွေးတယ်ဆိုတာက ညှိနှိုင်းဆွေးနွေးတာပါပဲ၊ ခင်ဗျားက သဘောတူညီမှုအလုံးစုံမရရှိဘူးဆိုရင် နောက်ဆုံးအချက်တချက်လေးပဲကျန်တာကို သဘောတူညီမှုမရဘူးဆိုရင် အပြောင်းအရွှေ့ကိုအပြီးသတ်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် မူဒရစ်က အာဆင်နယ်အသင်းကိုပြောင်းကစားတော့မယ်ဆိုတဲ့အမြင်တွေဟာ အပြင်ပန်းက အမြင်သက်သက်ချည်းပဲဖြစ်ပါတယ်။
မူဒရစ်ကိုခေါ်ယူဖို့ တခြားဆက်သွယ်လာတဲ့အသင်းတွေရောရှိသေးလား?
တခြားဆက်သွယ်လာတဲ့အသင်းတွေတော့ရှိပေမယ့် တကယ်တမ်းကမ်းလှမ်းလာတာမျိုးတော့မရှိပါဘူး။ ပြောရရင် အာဆင်နယ်နဲ့ ချဲလ်ဆီး ၂သင်းတည်းပေါ့။
Photo Credit to Chelsea FC
ကလပ်အသင်းကိုအရင်ဆက်သွယ်မှုမပြုလုပ်ခင် ကစားသမားကိုဆက်သွယ်တာမျိုးဟာ မှန်ကန်မှုမရှိတဲ့လုပ်ရပ်လို့ အာဆင်နယ်အသင်းကို ခင်ဗျားအနေနဲ့ ပြောဆိုမေးမြန်းခဲ့တာမျိုးတွေလုပ်ခဲ့သေးလား? ပုံမှန်အားဖြင့်ဆိုရင် ကလပ်အသင်းတွေက ဒီလိုဖြစ်ရပ်တွေအပေါ်မှာ ဝေဖန်မှုတွေလုပ်ကြလို့ပါ။
ကျွန်တော် အာဆင်နယ်အသင်းနဲ့စကားစပြောတဲ့အချိန်မှာ သူတို့က ကစားသမားနဲ့ ဆက်သွယ်ပြောဆိုမှုတွေပြုလုပ်ထားပြီဖြစ်ကြောင်း ကျွန်တော့်ကိုပြောပြပါတယ်။ အမှန်အတိုင်းပြောရရင် သူတို့ မူဒရစ်ဆီဆက်သွယ်မှုတွေလုပ်နေတာဆိုတာ ကြိုသိထားခဲ့ပါတယ်။ ကျွန်တော်သူတို့ကိုပြောခဲ့တာက ” ကောင်းပြီ၊ မင်းတို့သူ့ကိုဆက်သွယ်မှုလုပ်ခဲ့တယ်၊ ဒါပေမဲ့ သူကိုမဆက်သွယ်ခင်မှာ ငါတို့နဲ့ (ကလပ်အသင်း) နဲ့အရင်ဆွေးနွေးဖို့လိုတယ် ” ဒါပေမဲ့လည်း ဆက်ပြီးတော့ ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။
ဒါဆိုခင်ဗျား ဒီကိစ္စနဲ့ပတ်သတ်ပြီး FIFA ကို အကြောင်းမကြားခဲ့ဘူးပေါ့?
ကျွန်တော်တို့ FIFA ကို အကြောင်းမကြားခဲ့ပါဘူး၊ သူတို့ပြုမှုခဲ့တာက ပြုမှုပြီးနေပြီပဲဗျာ
ကျွန်တော်တို့သိရသလောက်ဆိုရင် နောက်ဆုံးအကြိမ်ကမ်းလှမ်းခဲ့မှုမှာ ၂သင်းစလုံးက တူညီတဲ့ပမာဏပဲလို့သိရပါတယ်။ သူတို့ကြားမှာ ကွဲပြားသွားတာက ပြောင်းရွှေ့ကြေးကို ဘယ်လိုအမြန်ဆုံးပေးချေကြမလဲဆိုတဲ့အချက် ဆိုတာကရော ဟုတ်လားဗျ?
အားလုံးဆိုရင်တော့ တူညီတဲ့ပမာဏပါပဲ။ သူတို့ကမ်းလှမ်းတဲ့ ပမာဏက ခန့်မှန်းခြေတူညီတာမျိုးမဟုတ်ပဲ လုံးဝကိုတူညီနေတာပါ။ ပြောင်းရွှေ့ကြေးအားလုံးရဲ့ပမာဏ၊ ခွဲပြီးပေးချေမယ့် ပမာဏနဲ့ အပိုဆုကြေးတွေ အားလုံးတူတူပါပဲ။ ဒါပေမဲ့ ပြောင်းရွှေ့ကြေးအားလုံးရဲ့ပမာဏနဲ့ အပိုဆုကြေးတွေကို ထဲထဲဝင်ဝင်ကြည့်မယ်ဆိုရင်တော့ လုံးဝကိုကွဲပြားနေခဲ့ပါတယ်။
ဘယ်လိုမျိုးတွေ ကွဲပြားနေကြတာလဲဗျ?
ပြောင်းရွှေ့ကြေးကို ပေးချေမယ့် အချိန် ( အချိန်ဇယား) နဲ့ ပုံစံကွဲပြားတဲ့ အပိုဆုကြေးပုံစံတွေပေါ့၊ အပိုဆုကြေးအကြောင်းကိုပြောပြရမယ်ဆိုရင် ဖြစ်နိုင်ချေရှိပြီး ယုတ်တိရှိတာမျိုးပဲဖြစ်သင့်တယ်လို့ ပြောရမှာပေါ့။ ဒီအချက်ကြောင့်ပဲ ချဲလ်ဆီးအသင်းဘက်က ဒီကိစ္စကို တကယ်ကိုကြိုးစားနေပြီး၊ တချို့အချက်တွေကလည်း မျှတတယ်လို့ခံစားရစေတာပေါ့။ ချဲလ်ဆီးအသင်းနဲ့တွေ့ကြတော့ ကျွန်တော်တို့တူတူပဲရှိနေကြပြီး၊ အချက်အလက်အားလုံးကိုသေချာနားလည်ဖို့ဆိုတာကလည်း ၉နာရီ၊ ၁၀နာရီလောက်ကိုအချိန်ယူကြရပါတယ်။ သူတို့က ကစားသမားကိုခေါ်ပြီး ကျွန်တော်တို့အားလုံးကို သူတို့ရဲ့ project တွေအားလုံးကိုသေချာရှင်းပြကြပါတယ်။ ခုချိန်ချဲလ်ဆီးသင်းရဲ့ လက်ရှိအခြေအနေကိုကြည့်ရင်တော့ ပြဿနာအချို့ရှိနေပေမယ့်၊ ဒါက အသင်းပိုင်ရှင်အပြောင်းအလဲမှာဖြစ်နေတဲ့ သာမာန်အခြေအနေတခုပဲဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ သူတို့က အသင်းကို တော်တော်များများကိုအပြောင်းအလဲလုပ်ချင်နေကြပါတယ်၊ သူတို့ရဲ့ Project အားလုံးကို ရှင်းပြပြီးတဲ့အချိန်မှာတော့ သူတို့မှာ နောက် ၂နှစ်၊ ၃နှစ်၊ ၄နှစ်အတွက်ကို အလေးအနက်ကိုလုပ်နေတဲ့ Project ကြီးရှိနေတယ်ဆိုတာကို ခင်ဗျား သဘောပေါက်သွားပါလိမ့်မယ်။
ကျွန်တော်တို့သိရသလောက်ဆိုရင် ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားရရင် ပေးမယ့် အပိုဆုကြေးတွေရှိတာဆိုတာရော ဟုတ်လားဗျ?
ဟုတ်ပါတယ်၊ အဲ့လိုမျိုးပုံစံ အပိုဆုကြေးတွေပါဝင်နေပါတယ်။
မူဒရစ်သာ Ballon d’Or ရမယ်ဆိုရင် အပိုဆုကြေးပေးရမယ်ဆိုတာမျိုးရောပါသေးလား?
ချဲလ်ဆီးဘက်က ကမ်းလှမ်းတဲ့အထဲမှာ Ballon d’Or ကိစ္စတော့မပါပါဘူး။ ပါတာကဗျာ အောင်မြင်မှုရရှိနိုင်ဖို့များတဲ့အရာကို သူတို့ဘက်ကရော ကျွန်တော်တို့ဘက်ကရော ယူဆတဲ့အရာတွေပါပဲ။ ဒီနှစ်ထဲဖြစ်ချင်မှလဲဖြစ်မှာပေါ့၊ ဒါပေမယ့် နောက် ၂နှစ် ၃နှစ်ကြာရင်ဖြစ်လာမှာပေါ့။
ဒါဆို အပိုဆုကြေးနဲ့ပတ်သတ်ပြီးနောက်ဆုံးရက်ဆိုပြီး ကန့်သတ်ထားတာမျိုးမရှိဘူးလို့ဆိုလိုချင်တာမျိုးလားဗျ? သူတို့က ပရီးမီးယားလိဂ်ဖလားကို ၂၀၂၉ခုနှစ်မှာရရှိခဲ့မယ်ဆိုရင်ရော အပိုဆုကြေးရအုံးမှာလား?
စာချုပ်ချုပ်ထားတာက ၈နှစ် (တနှစ်အလိုအလျောက်သက်တမ်းတိုးခွင့်ရှိ)၊ ၇နှစ်ခွဲလေဗျာ၊
Photo Credit to Chelsea FC
မူဒရစ်ဘက်ကရော ဒီဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ကစားခွင့်တောင်းသေးလား? ဒါမှမဟုတ်ခင်ဗျားအနေနဲ့ရော နွေရာသီအပြောင်းအရွှေ့မရောက်မချင်း ထွက်ခွာခွင့်မပေးနိုင်သေးဘူးဆိုတာမျိုးရောရှိခဲ့လား?
ကျွန်တော်တို့ မူဒရစ်နဲ့အသေးစိတ်အရမ်းကြီးဆွေးနွေးတာမျိုးမရှိခဲ့ပါဘူး။ သူကလုံးဝ professional ဆန်တဲ့ကစားသမားပါ၊ ဘယ်တုန်းကမှ အသင်းကနေထွက်ခွင့်ရဖို့ ဖိအားပေးတာမျိုးမရှိခဲ့ပါဘူး။ သူက ကျွန်တော်တို့ကို သူ့အတွက် ယူရိုသန်း၅၀၊ သန်း၆၀လောက်နဲ့ပဲ ရောင်းပေးပါဆိုတာမျိုးကိုလည်း ကျွန်တော်တို့ကိုပြောဆိုတာမျိုးလည်းမလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့သူကိုပြောခဲ့တာက ” မီခေးလ်လိုရေ ငါတို့မင်းရဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးမှုတွေလုပ်နေတယ်၊ ငါတို့မင်းကိုကူညီချင်တယ်၊ ငါတို့အပြောင်းအရွှေ့ကိစ္စတွေမကြာခင်အပြီးသတ်နိုင်တော့မယ်လို့လည်း ယုံကြည်တယ်၊ အဲ့ဒါကြောင့် လေ့ကျင့်ရေးတွေသာ ကောင်းကောင်းလုပ်ကွာ” လို့ပြောခဲ့ပါတယ်။ မူဒရစ်ဘက်ကရော သူအေးဂျင့်ဘက်ကပါ ကျွန်တော်တို့ကိုဖိအားပေးပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ သူ့အေးဂျင့်ရဲ့ အင်တာဗျူးကိုကြည့်လိုက်ရင် မူဒရစ်က အသင်းနဲ့ကောင်းကောင်းလေ့ကျင့်ရေးတွေပြုလုပ်နေကြောင်းနဲ့ မူဒရစ်က Professional ကစားသမားဖြစ်ကြောင်းတွေအပြင်၊ ရှက်တာဒိုးနက်အသင်းကို လေးစားမှုအပြည့်ရှိကြောင်းပြောဆိုထားတာတွေတွေ့ရမှာပါ။
မူဒရစ်က ချဲလ်ဆီးအသင်းမပြောင်းမီ နည်းပြဂရေဟမ်ပေါ်တာနဲ့ စကားပြောခဲ့သေးလားဗျ?
မူဒရစ် ဒီစနေ၊ တနင်္ဂနွေတရက်ရက်ကပြောပါတယ်။
တနင်္လာနေ့တုန်းက ရှက်တာဒိုးနက်ဥက္ကထ Rinat Akhmetov က သူ့အသင်းနဲ့ ချဲလ်ဆီးအသင်းချစ်ကြည်ရေးပွဲ ကစားမယ်လို့ကြေငြာတွေ့လိုက်ပါတယ်။ (ရုရှားကျူးကျော်သူတွေမရှိတော့အချိန်၊ ငြိမ်းချမ်းသွားတဲ့အချိန်) အပြောင်းအရွှေ့သဘောတူညီမှုစာချုပ်မှာ အဲ့ကိစ္စပါခဲ့တာလားဗျ၊ ပြောပြပါအုံး
ဟုတ်ပါတယ်၊ အပြောင်းအရွှေ့စာချုပ်မှာကိုပါဝင်ခဲ့ပါတယ်။ တကယ်တမ်းတော့ဗျာ ကျွန်တော်တို့စာချုပ်ထဲမှာတောင်ဖတ်ကြည့်နေစရာမလိုပါဘူး၊ ချဲလ်ဆီးအသင်းပိုင်ရှင် Behdad က အသင်းဥက္ကထနဲ့ပြောဆိုထားပြီးသားပါ။ Behdad က ယူကရိန်းနိုင်ငံအပေါ်ထောက်ပံ့မှုအများအပြားလုပ်နေတာပါ။ သူကအမေရိကန်ဖြစ်သလို သူ့အသင်းကလည်း အင်္ဂလိပ်အသင်းလေ၊ အဲ့ဒါကြောင့် ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာဆောင်ပြီး၊ လက်ရှိယူကရိန်းစစ်ကို ခုလိုအချိန်မျိုးမှာ သူတို့ထောက်ပံ့ပေးတယ်ဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ သူတို့ဘက်က စကားပြောတာကောင်းကောင်းမွန်မွန်ပဲပြောဆိုကြပြီး လက်ဆွဲနူတ်ဆက်ကြပါတယ်။ ကျွန်တော့်မှာ ဘာသာပြန်ရှိတော့ အားလုံးနားလည်ပါတယ်။ သူတို့နဲ့ စကားပြောဆိုရတာကို ကျွန်တော့်အနေနဲ့ အရမ်းသဘောကျပြီး၊ စာချုပ်ကိစ္စကြောင့်ခုလိုပြောဆိုတာမျိုးမဟုတ်ဘူးဆိုတာကိုသိနေပါတယ်။ Behdad ဘက်က စတင်ကမ်းလှမ်းတုန်းက ရင်းနှီးပြူငှာပါတယ်၊ သူက ယူကရိန်းကိုကူညီချင်ကြောင်းနဲ့ ယူကရိန်းစစ်ဘေးဒဏ်သင့်ပြည်သူတွေကိုလည်း ထောက်ပံ့ချင်ကြောင်းပြောပါတယ်။ ချဲလ်ဆီးအသင်းနဲ့ကစားမယ့်ပွဲက လုံးဝကိုထူးခြားနေမှာပါ၊ ( ၂၀၁၄ခုနစ်ကတည်းက အိမ်ကွင်း Donetsk မှာမကစားခဲ့ရတာကြောင့်ပါ) ဖြစ်နိုင်ရင်တော့ဗျာ စနေ၊ တနင်္ဂနွေတိုင်းကို ကစားချင်တာပါ။
Photo Credit to New York Post
ရှက်တာဒိုးနက်ဥက္ကထ Rinat Akhmetov နဲ့ပြောတုန်းက ဖုန်းနဲ့ပဲလား?
ဟုတ်ပါတယ်၊ ဖုန်းနဲ့ပါပဲ၊ ယူကရိန်းမှာ စစ်စဖြစ်တဲ့နေကစပြီး သူကဒီနိုင်ငံကနေလုံးဝမထွက်ခဲ့တာပါ။
ဒီအပြောင်းအရွှေ့ကရတဲ့ ယူရို ၂၅သန်းက ယူကရိန်းက ဆေးအဖွဲ့တွေနဲ့ Mariupolမှာ ယူကရိန်းနိုင်ငံကိုကာကွယ်ပေးရင်းကျဆုံးသွားတဲ့ စစ်သားတွေရဲ့မိသားစုတွေဆီကို တိုက်ရိုက်လှူဒါန်းပေးမယ်လို့ဖော်ပြနေကြပါတယ်။
မဟုတ်ပါဘူး၊ ဒါကကျွန်တော်တို့ဥက္ကထရဲ့ကိုယ်ပိုင်ငွေပါ။ သူကိုယ်တိုင် လှူဒါန်းမှုတွေကို အသင်းအဖွဲ့တွေဆီ ပြုလုပ်ပေးပါလိမ့်မယ်။ Mariupol မှာခုခံတိုက်နေကြတဲ့စစ်သားတွေနဲ့ စစ်ပွဲမှာ ကျဆုံးတဲ့ စစ်သားတွေရဲ့ကျန်ရစ်သူမိသားစုတွေကို လှူဒါန်းဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့တွေရှိပါတယ်။
အာဆင်နယ်အသင်းက ကြာသပတေးနဲ့သောကြာရက်တွေက နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ခင်ဗျားအနေနဲ့ အာဆင်နယ်ကို ချဲလ်ဆီးအသင်းနဲ့အပြောင်းအရွှေ့သဘောတူညီမှုရရှိသွားပြီဆိုတာမျိုးပြောလိုက်သေးလား?
ချဲလ်ဆီးအသင်း Turkey ကိုရောက်မလာခင်က အာဆင်နယ်နဲ့သဘောတူညီမှုရဖို့နီးစပ်နေပြီး၊ အပြီးတော့မသတ်နိုင်သေးပါဘူး၊ သူတို့နောက်ဆုံးအကြိမ်ကမ်းလှမ်းတာက ယူရိုသန်း 70 + အပိုဆုကြေး ယူရို သန်း 30 ပါ၊ အဲ့ဒါနဲ့ ကျွန်တော်တို့ ထိုင်ပြီး သူတို့ငွေပေးချေမယ့်ပုံစံ၊ အချိန်၊ အပိုဆုကြေးပြဿနာ စတာတွေကို ကျွန်တော်တို့အချင်းချင်းပဲတိုင်ပင်ကြပါတယ်။ နောက်တော့ သူတို့နဲ့ အပြောင်းအရွှေ့ကိုအပြီးသတ်ဖို့မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်သွားပါတယ်။ ကျွန်တော် အီဒူးကို ပြောခဲ့ပါတယ်။ ” ငါအကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်၊ ဒါပေမယ့် လုံးဝမဖြစ်နိုင်တော့ဘူး ” လို့ပါ။
ဒါဆို ချဲလ်ဆီးအသင်းရောက်လာတော့ စိတ်သက်သာရာ ရခဲ့လား?
ချဲလ်ဆီးအသင်းကလူတွေရောက်လာတော့၊ သူတို့ကပြောပါတယ်၊ “မင်းတို့အာဆင်နယ်အသင်းနဲ့ဆွေးနွေးနေပြီး အပြောင်းအရွှေ့ကိစ္စတွေကို သဘောတူညီဖို့နီးစပ်နေပြီးဆိုတာသိထားပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့နဲ့ တွေ့ချင်ပါတယ်” လို့ပြောခဲ့တာပါ။ ကျွန်တော်တို့ကလည်း ” ကောင်းပြီ၊ တွေ့ကြပါမယ်” ကျွန်တော် မူဒရစ်ကိုတော့ခုလိုပြောခဲ့ပါတယ်။ ” ငါတို့မင်းကို ဒီဆောင်းရာသီအပြောင်းအရွှေ့မှာ မရောင်းပေးနိုင်ရင်တောင်မှ နွေရာသီရောက်ရင်တော့ရောင်းပေးမှာပါ၊ နွေရာသီရောက်ရင် မင်းအတွက်ပိုတောင် သူတို့ဘက်က ကုန်ကျပါလိမ့်အုံးမယ် ” ကျွန်တော်တို့ဘက်က တခြားပုံစံနဲ့လက်ခံဖို့က အဆင်သင့်ပါပဲ၊ အလောတကြီးအခြေအနေတော့မဟုတ်ပါဘူး။
ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးနေတဲ့အချိန်မှာ အာဆင်နယ်အသင်းကလည်း ဆွေးနွေးမှုထဲပါဝင်နေတုန်းဆိုတဲ့ အပြုအမူမျိုးလုပ်ပြနေဖို့လိုအပ်နေခဲ့သေးလား?
ဒါကတော့ ဘောလုံးလောကအခြေအနေတွေပါပဲ၊ အခြေအနေတွေက ဘာတွေဖြစ်နေလဲဆိုတာ အားလုံးသိနေကြမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်။ အာဆင်နယ်နဲ့အခြေအနေ၊ ချဲလ်ဆီးနဲ့အခြေအနေတွေပေါ့၊ ဒီလိုဆွေးနွေးမှုတွေပြုလုပ်ကြတဲ့အခါ လူတွေအများကြီးပါဝင်နေပါတယ်။ သတင်းသမားတွေကလည်း ဘေးပတ်လည်မှာရှိနေတာပဲလေ။ လူတော်တော်များများက အခြေအနေအချို့ကို ထောက်ပံ့ပေးကြပါတယ်၊ အဲ့ဒါကြောင့် ဘာတွေဖြစ်ပျက်နေပြီလဲဆိုတာ လူတိုင်းသိနေတာပါ။
Photo Credit to Chelsea FC
ဒီအပြောင်းအရွှေ့က ယူကရိန်းကစားသမားအတွက်ဆိုရင် စံချိန်တင်ပြောင်းရွှေ့ကြေးပါ၊ ဒါက လက်ရှိအချိန် ယူကရိန်းအတွက် ဘယ်လိုအဓိပ္ပါယ်သက်ရောက်စေလဲ? ကမ္ဘာ့အကြီးဆုံးပြိုင်ပွဲမှာ ယူကရိန်းနိုင်ငံအခြေအနေအကြောင်းကို လူအများသိရအောင်စွမ်းဆောင်နိုင်ဖို့ ၊ ယူကရိန်း အလံကို စတန်းဖို့ထ်ဘရစ်ချ်မှာ ကိုင်ဆောင်ပြမဲ့ ကိုယ်စားလှယ်လိုမျိုးလား?
လူမှုမီဒီယာ (social media) တခုတည်းကနေပဲ သန်း၆၀လောက်က သိနေပါတယ်။ တခြား TV channel တွေ တသင်းစားတွေတောင်မရေတွက်ရသေးပါဘူး။ ယူကရိန်းကို ကမ္ဘာ့နိုင်ငံတဝန်းက အဆင့်မြင့် သတင်းအချက်အလက်တွေနဲ့ ပံ့ပိုးကူညီပေးနေကြပါတယ်။ ဒါကနိုင်ငံအခြေအနေကိုလူသိအောင်လုပ်ဖို့ ကောင်းတဲ့အချက်ပါ၊ မူဒရစ်ကြောင့်လည်း ယူကရိန်းအခြေအနေကို ကမ္ဘာတဝန်းပိုသိလာကြပါလိမ့်မယ်၊ သူ ကမ္ဘာ့အကောင်းဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ကိုပြောင်းကစားတာ ကျွန်တော်အရမ်းသဘောကျပါတယ်၊ အင်္ဂလန်ကလည်း ယူကရိန်းကို ထောက်ပံ့မှုများစွာပြုလုပ်နေပါတယ်။ မူဒရစ်ရဲ့ အပြောင်းအရွှေ့က တကမ္ဘာလုံးအတွက်ရော ယူကရိန်းအတွက်ပါ အရမ်းအရေးပါတဲ့အပြောင်းအရွှေ့ပါ။ ဒီအပြောင်းအရှေ့မှာ အမေရိကန်အသင်းပိုင်ရှင်တွေ၊ အင်္ဂလန်နဲ့ ယူကရိန်းတို့ပါဝင်နေတာကြောင့် သိပ်ကောင်းတဲ့အချက်ပါပဲ။
မနှစ်က ဒီလိုအချိန်မှာ ချဲလ်ဆီးအသင်းကို ရုရှားအသင်းပိုင်ရှင်ဖြစ်တဲ့ ရိုမန်အေဘရာမိုဗစ်ချ် ပိုင်နေပါတယ်။ ခုအသင်းပိုင်ရှင်သစ်တွေဆီအသင်းကိုမရောင်းချမီ ဗြိတိန်အစိုးရဘက်က သူ့ကို အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။ ခုတော့ ချဲလ်ဆီးအသင်းက လုံးဝကွဲပြားခြားနားသွားပါပြီ၊ ဒီအချက်ကရော အရေးပါတဲ့အထဲမှာပါနေလား?
ကျွန်တော့်အထင်တော့ အရေးပါနေပါတယ်။ အသင်းပိုင်ရှင်အသစ်တွေသာမဟုတ်ဘူးဆိုရင် ဒီလိုဆက်သွယ်မှုမျိုးတွေလုပ်ရတာကြောင့် ကျွန်တော်တို့အပေါ်ဝေဖန်မှုတွေတော်တော်များများကိုရှိလာပါလိမ့်မယ်။
အပြောင်းအရွှေ့ဖြစ်လာစရာမရှိဘူးလို့ ဆိုလိုတာမျိုးလား? (အဲ့လိုအခြေအနေမျိုးမှာဆိုရင်)
အပြောင်းအရွှေ့ မဖြစ်နိုင်တာမျိုးတောင် ဖြစ်သွားမှာပါ။
Reference: Exclusive: Why Mykhailo Mudryk joined Chelsea not Arsenal – by Shakhtar’s CEO
(The Athletic)